Author: Yamin

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဗဟိုချုပ်ကိုင်မှုရှိသော တရားစီရင်ရေး ယန္တရားမှာ အလုံးစုံပျက်သုဉ်းသွားခဲ့ရပြီး စစ်ကောင်စီ (ရွေးတုအစိုးရအဖွဲ့)၏ တရားရုံးများသည် တော်လှန်ရေးအင်အားစုများကို နှိမ်နင်းရန် “ဖိနှိပ်ရေးလက်နက်” သဖွယ်သာ ဖြစ်လာခဲ့ပါသည်။ သို့သော် စိတ်ဝင်စားစရာကောင်းသော အရှိတရားတစ်ခုမှာ တရားဝင်စနစ် ပျက်သုဉ်းသွားသော်လည်း ပြည်သူများသည် တရားမျှတမှုအတွက် လုံးဝအားကိုးရာ မဲ့မသွားခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွင်း နယ်မြေစိုးမိုးမှု အပြောင်းအလဲများ အလျင်အမြန် ဖြစ်ပေါ်လာချိန်တွင် အဆိုပါ နယ်မြေအသစ်များ၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်ရန်မှာ အလွန်အရေးကြီးသော အခြေအနေ သို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ယနေ့တွင် ထိုဒေသများရှိပြည်သူများသည် စစ်ကောင်စီ၏ (ရွေးတုအစိုးရအဖွဲ့) တရားရုံးများ မရှိတော့သည့်အခါ ဒေသန္တရ တရားစီရင်ရေး ယန္တရားများထံတွင် တရားမျှတမှုကို အမှန်တကယ် ရှာဖွေနေကြပြီ ဖြစ်ပါသည်။
လက်ရှိ မြန်မာ့ဖက်ဒရယ် တည်ဆောက်ရေး ဆွေးနွေးမှုများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာခွဲဝေမှု (Power-sharing) များကိုသာ အလေးထားနေကြသော်လည်း၊ ပြည်သူတို့၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော “တရားမျှတမှု ပေးဆောင်ခြင်း” ကဏ္ဍကိုမူ လုံလောက်စွာ အာရုံမစိုက်မိဘဲ လျစ်လျူရှုနေကြသည်ကို တွေ့ရပါသည်။ ဤနေရာတွင် မေးခွန်းထုတ်ရမည့်အချက်မှာ တရားစီရင်ရေးဆိုသည်ကိုလည်း လုပ်ပိုင်ခွင့်အာဏာတစ်ရပ်လား သို့မဟုတ် ပြည်သူ့ထံသို့ အရောက်ပို့ဆောင်ပေးရမည့် “အများပြည်သူ ဝန်ဆောင်မှု” တစ်ခုလားဆိုသည့် မေးခွန်းဖြစ်ပါသည်။
ဤနေရာတွင် ပထမဦးစွာ “ရပ်ရွာအခြေပြုတရားစီရင်ရေး” (Community Justice) ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်ရန် လိုအပ်ပါသည်။ ၎င်းမှာ ပြည်သူများ၏ နေ့စဉ်ဘဝတွင် ဖြစ်ပေါ်တတ်သော အငြင်းပွားမှုများကို (Formal Court) သို့ အမှုအခင်းများအား တရားဝင်ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း စီရင်ဆုံးဖြတ်ပေးသော တရားရုံး (formal court) များသို့ မသွားဘဲ မိမိတို့၏ ရပ်ကွက်/ကျေးရွာအတွင်း၌ပင် ဒေသခံများကို အခြေခံ၍ ဖြေရှင်းသည့်စနစ် ဖြစ်ပါသည် ။ ဤစနစ်သည် ပြစ်ဒဏ်ပေးခြင်းထက် “ပြန်လည်သင့်မြတ်ရေး” ကို ဦးစားပေးပြီး၊ မြန်ဆန်ခြင်း၊ စရိတ်စက သက်သာခြင်းနှင့် မိမိတို့၏ ဘာသာစကားဖြင့် ပွင့်လင်းစွာ ပြောဆိုနိုင်ခြင်းတို့ကြောင့် ပြည်သူများက ပိုမိုယုံကြည်အားကိုးကြပါသည်။
သမားရိုးကျတရားစီရင်ရေးစနစ် ပျက်သုဉ်းမှုကြားတွင် မြေပြင်၌ လက်တွေ့အလုပ်ဖြစ်နေသော အခြားရွေးချယ်စရာ ယန္တရားများ ပေါ်ပေါက်လာပါသည်။ အာရက္ခတပ်တော် (AA) ၏ တရားစီရင်ရေးသည် စစ်ကောင်စီထက် ပိုမိုမြန်ဆန်၊ သက်သာပြီး ထိရောက်သည်ဟု လူထုက ယူဆလာကြသဖြင့် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာနေသလို(CAS, 2024) ၊ ကရင်နီပြည်တွင်လည်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (KIEC) က အကြမ်းမဖက် အာဏာဖီဆန်ရေး (Civil Disobedience Movement CDM) လှုပ်ရှားမှုတွင် ပါဝင်သော ဥပဒေပညာရှင်များ၊ ရဲတပ်ဖွဲ့များဖြင့် တရားရုံးအဆင့်ဆင့်ကို စနစ်တကျ ဖော်ဆောင်နေပါသည်(KIEC)။ ချင်းပြည်နယ်တွင် ဒေသန္တာရ အုပ်ချုပ်ရေးအဖွဲ့များက ကျေးရွာမှသည် ကောင်စီအဆင့်အထိ တရားရုံးများကို ဖွဲ့စည်းကာ ဒေသခံတို့၏ တရားမျှတမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြပါသည် (CCPR, 2025)။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ကြီးဌာနသည်လည်း ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အရ တော်လှန်ရေးနယ်မြေများ၌ တရားရုံးပေါင်း ၂၀ ကျော် တည်ထောင်ကာ ဒေသအလိုက် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများဖြင့် တရားစွဲဆိုကာ တရားစီရင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည် (MOJ) ။ ယခုလက်ရှိတွင် တရားရေးဝန်ကြီးဌာန သည် ဖက်ဒရယ်ယူနစ်များသို့ တရားစီရင်ရေးယန္တယားများ လွှဲပြောင်းနိုင်ရန်ကြိုးပမ်းနေသည်ကိုလဲတွေ့ရှိရသည်။ သို့သော် NUG တရားရုံးများတွင် မြေပြင်ရှိ လက်နက်ကိုင်ဆောင်ထားသော အစုအဖွဲ့များအပေါ် (၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများပင် ဖြစ်စေကာမူ) အပြည့်အဝ အာဏာသက်ရောက်နိုင်ရန်နှင့် တရားရုံး၏ ဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရန် နှင့် အကောင်အထည်ဖော်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။ ဒေသအချို့တွင် ပသုံးလုံးယန္တယားအား တရားစီရင်ရေးလုပ်ပိုင်ခွင့်အချို့ပေးအပ်ခြင်း ရှိ/မရှိဆိုသည့်ကိစ္စရပ်များသည် လည်း လက်ရှိတွင်ဖြေရှင်းရန်လိုအပ်နေသော ပြဿနာရပ်တစ်ခုကဲ့သို့ ရှုမြင်နိုင်ပါသည်။ တရားရုံးအချို့တွင် တရားမျှတသော စစ်ဆေးစီရင်မှု နှင့် ရှေ့နေဖြင့် ခုခံချေပခွင့်များ အားနည်းနေပြီး စစ်ဆေးမှုများမှာ ရာထူး၊ အဖွဲ့အစည်း နှင့် လက်နက်ရှိမှုအပေါ်မူတည်၍ အချို့အမှုများတွင်စစ်ဆေးမှုမြန်ဆန်ပြီး အချို့အမှုများတွင် ကြန့်ကြာခြင်းများ ရှိနေပါသည်။ ထို့ပြင် အကျဉ်းထောင်များအတွင်း နှိပ်စက်ညှင်းပန်းမှု စွပ်စွဲချက်များရှိနေခြင်းတို့မှာ အားနည်းချက်များ ဖြစ်ပါသည်။ သို့သော်ယခုကဲ့သို့ အသွင်ကူးပြောင်းစ ကာလတွင် ရပ်ရွာအခြေပြု ညှိနှိုင်းဖြေရှင်းရေး ယန္တရားများနှင့် အစဉ်အလာ ဓလေ့ထုံးတမ်းများ သည် တည်ငြိမ်ရေးအတွက် အဓိက အခြေခံအုတ်မြစ် ဖြစ်နေဆဲ ဖြစ်ပါသည်။
တစ်ပြိုင်နက်တည်းမှာပင် တရားစီရင်ရေး ဝန်ဆောင်မှုသည် ပြည်သူများအတွက် လက်လှမ်းမီရန် ခက်ခဲခြင်း၊ စရိတ်စကများပြားခြင်း နှင့် ဥပဒေကြောင်းအရ နားလည်သဘောပေါက်လွယ်ရန် ခက်ခဲခြင်း စသည့် လိုအပ်ချက်များရှိနေပါသည်။ ယင်းလိုအပ်ချက်များကို ကျော်လွှားနိုင်ရန် အဖြေရှာခြင်း၊ ပြည်သူများက ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ဆန်းစစ်နိုင်ခြင်းများ ထင်ရှားနေဖို့လိုပါသည်။ အနာဂတ်တွင် ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရ၏ အဆောက်အအုံများထက် မြေပြင်ရှိ ရပ်ရွာအခြေပြု တရားစီရင်ရေး နှင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို ပေါင်းစပ်ခြင်းသည် တရားစီရင်ရေးကို ပိုမိုခိုင်မာစေပါသည်။ ယင်းသည် နောင်တစ်ချိန်တွင် ဗဟိုအစိုးရ ယန္တရားများ မည်မျှပင် အားကောင်းခိုင်မာလာစေကာမူ ရပ်ရွာအခြေပြု တရားစီရင်ရေး သည် ၎င်း၏ အမြဲတမ်း တန်ဖိုးရှိနေမှု ကြောင့် မရှိမဖြစ် ဆက်လက် တည်ရှိနေဦးမည် ဖြစ်ပါသည်။ အနာဂတ် မြန်မာ့ဖက်ဒရယ် တရားစီရင်ရေးကို ဆွေးနွေးသည့်အခါ တိုင်းရင်းသား လူမျိုးစုများအတွက် မိမိတို့၏ ဓလေ့ထုံးတမ်းအရ အငြင်းပွားမှုများကို ဖြေရှင်းခြင်းသည် နိုင်ငံရေးအရ အပေးအယူလုပ်ရမည့် ကိစ္စမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် အတိအလင်း ဖော်ပြထားသည့်အတိုင်း ဖယ်ရှား၍မရသော ပင်ကိုအခွင့်အရေးသာ ဖြစ်ပါသည်။ ထို့ကြောင့် ဒေသန္တရ တရားစီရင်ရေး ယန္တရားများကို ဖက်ဒရယ်စနစ်အတွင်း အသိအမှတ်ပြု ပေါင်းစပ်ခြင်းသည် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Cultural Self-determination) ကို လေးစားရာရောက်ပြီး အကာအကွယ်ပေးခြင်းလည်း ဖြစ်ပါသည်။
အောက်ခြေမှအထက်သို့ တည်ဆောက်သည့်စနစ်ကို အားပေးသည် ဆိုရာတွင် ဗဟို သို့မဟုတ် ပြည်နယ်အဆင့်တွင်ရှိသည့် တရားရုံးများ ကို လုံးဝပယ်ချရန် မဟုတ်ပါ။ အမှန်တကယ်တွင် ရပ်ရွာအခြေပြု တရားစီရင်ရေးနှင့် တရားဝင် တရားရုံးစနစ်တို့မှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်မဟုတ်ဘဲ အပြန်အလှန် အားဖြည့်ပေးရမည့် ဆက်ဆံရေးမျိုး ဖြစ်သင့်ပါသည်။ ရပ်ရွာအခြေပြုစတရားစီရင်ရေးနစ်များတွင်လည်း ၎င်းတို့၏ ပင်ကိုယ်အားနည်းချက်များ ရှိနေသည်ကို သတိပြုရပါမည်။ ရပ်ရွာအခြေပြုစနစ်သည် မြန်ဆန်ပြီး လက်လှမ်းမီသော်လည်း အကောင်အထည်ဖေါ်မည့်သူများမှာ ဥပဒေပညာရှင်များ မဟုတ်သည့်အတွက် ဆုံးဖြတ်ချက်များမှာ အစဉ်အလာ ဓလေ့ထုံးတမ်းတချို့ကို ကိုင်စွဲရင်း ခေတ်သစ်လူ့ဘောင်၏ စံနှုန်းများ၊ လူ့ဂုဏ်သိက္ခာနှင့် ကျားမတန်းတူညီမျှမှုဆိုင်ရာ အခြေခံမူများနှင့် အမြဲတမ်း တစ်ထပ်တည်း မကျနိုင်ဘဲ ဘက်လိုက်မှုများ သို့မဟုတ် အစဉ်အလာအရ ဖိနှိပ်မှုများ ပါဝင်နေတတ်ပါသည်။ ဥပမာအားဖြင့် ကျေးရွာလူကြီးများသည် အမျိုးသမီးများနှင့် လူငယ်များအပေါ် ခွဲခြားဆက်ဆံခြင်း သို့မဟုတ် လူ့အခွင့်အရေးစံနှုန်းများနှင့် မကိုက်ညီသော ဆုံးဖြတ်ချက်များကို ချ၍ အခွင့်အရေးများကို လျစ်လျူရှုမိနိုင်ခြေ ရှိပါသည်။ ထို့အပြင် လူထုအခြေပြု တရားမျှတရေးစနစ်များတွင် ဒေသတွင်းအရင်းအမြစ်၊ လူမှုရေးသြဇာ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းများနှင့် နီးစပ်မှုရှိသူများက ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် လွှမ်းမိုးနိုင်ခြေရှိပါသည်။ အထူးသဖြင့် ဆုံးဖြတ်ချက်ချမှတ်သူများ၏ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်သော စောင့်ကြည့်စစ်ဆေးမှုများ အားနည်းပါက၊ လူထု၏ အကျိုးစီးပွားကို ကိုယ်စားပြုရန် ရည်ရွယ်ထားသည့် ယန္တရားသည် အာဏာနှင့် အရင်းအမြစ်ပိုမိုပိုင်ဆိုင်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးသည့် ယန္တရားအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ ထိုအခြေအနေသည် လူတိုင်းအတွက် တန်းတူသည့် တရားမျှတမှုရရှိရေးကို ထိခိုက်စေရုံသာမက လူထုအခြေပြုတရားမျှတရေးစနစ်၏ တရားဝင်မှုနှင့် လူထုယုံကြည်မှုကိုပါ အားနည်းစေနိုင်ပါသည်။ အခြားသော အားနည်းချက်တစ်ရပ်မှာ အမှုအမျိုးအစားအားလုံးကို တူညီသော ဥပဒေရေးရာစံနှုန်းများဖြင့် ကိုင်တွယ်မဖြေရှင်းနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် လူသတ်မှုကဲ့သို့သော ပြင်းထန်သည့် ရာဇဝတ်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အမှုများနှင့် ရှုပ်ထွေးသည့် မြေယာနှင့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများသည် ရိုးရိုးညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းရန် မလုံလောက်နိုင်ပါ။ မြန်မာနိုင်ငံရှိ ရပ်ရွာအခြေအပြုတရားစီရင်ရေးစနစ်များကို လေ့လာထားသည့် သုတေသနများတွင်လည်း ကြီးလေးသောရာဇဝတ်မှုများကို ပြစ်ဒဏ်ချမှတ်နိုင် သည့် တရားစီရင်ရေးယန္တရားများထံ လွှဲပြောင်းရန် လိုအပ်ကြောင်း တွေ့ရှိထားပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရပ်ရွာအဆင့်တွင် ညှိနှိုင်းဖြေရှင်းခြင်းသည် ကျူးလွန်ခံရသူ၏ အခွင့်အရေးနှင့် တရားမျှတမှုရရှိရေးကို ထိခိုက်စေနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၂၀၂၆ ခုနှစ် From Impunity to Justice: Accountability for Grave Human Rights Violations in Myanmar အစီရင်ခံစာကလည်းဖော်ပြထားသည် (HRC, 2026) ။ ရပ်ရွာခေါင်းဆောင်၊ ညှိနှိုင်းဖြေရှင်းသူ၊ ဥပဒေအထောက်အကူပြုသူ (Paralegal) များအား တရားဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ မြှင့်တင်ခြင်း၊ အခြားနည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်း Alternative Dispute Resolution (ADR) စနစ်များတွင်အပါအဝင်ဖြစ်သော ကြားဝင်ဖြန်ဖြေပေးခြင်း, စေ့စပ်ညှိနှိုင်းခြင်းတို့နှင့် ပဋိပက္ခဖြေရှင်းခြင်း ကဲ့သို့သော အမှုဖြေရှင်းရေးစွမ်းရည် မြှင့်တင်ခြင်း၊ ဘက်လိုက်မှုမရှိ အကာအကွယ်ပေးနိုင်ရန်၊ ကျား/မ ရေးရာအလေးထားမှုနဲ့ အခွင့်အရေးအခြေခံသော ချဉ်းကပ်ဆောင်ရွက်နည်း များအား ထည့်သွင်းလေ့လာခြင်း နှင့် ဥပဒေအထောက်အကူပြုသူများ၏ အခန်းကဏ္ဍအားမြှင့်တင်ခြင်းတို့ဖြင့် ပြန်လည်ထိန်းကျောင်းရန်လိုအပ်ပါသည်။
ဤနေရာတွင် တရားရုံးများ၏ အခန်းကဏ္ဍမှာ လူထုအခြေပြုစနစ်တွင် ဖြေရှင်းခွင့်မပြုထားသော သို့မဟုတ် ဖြေရှင်းရန်ခက်ခဲသော ကြီးလေးသည့် ရာဇဝတ်မှုများကို ကိုင်တွယ်ခြင်း နှင့် ဒေသန္တရ အဆင့်တွင် မကျေနပ်မှုများရှိပါက အယူခံဝင်နိုင်မည့် လမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်ပေးခြင်းဖြင့် စနစ်နှစ်ရပ်ကြား ဟန်ချက်ညီမှုကို ဖော်ဆောင်ရပါမည်။ ထိုသို့ အဆင့်ဆင့်သော တရားစီရင်ရေး ယန္တရားအကြား တာဝန်နှင့် အမှုအခင်းများကို သင့်လျော်စွာ ခွဲဝေထားနိုင်ပါက ဒေသအဆင့်တွင် ထိရောက်စွာ ဖြေရှင်းနိုင်သည့် အငြင်းပွားမှုများကို အထက်တရားရုံးများသို့ မလိုအပ်ဘဲ တင်ပို့ရခြင်းကို လျှော့ချနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်တရားစီရင်ရေးစနစ်တွင် ရပ်ရွာအခြေပြုတရားစီရင်ရေးသည် သမားရိုးကျတရားစီရင်ရေးစနစ် formal judiciary ကို အစားထိုးရန်မဟုတ်ဘဲ ဖြည့်စွက်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်သင့်သည်။ အထူးသဖြင့် ပဋိပက္ခလွန်ကာလတွင် ဆောင်ရွက်ရမည့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြားပိုမိုရှုပ်ထွေးသောအမှုများကို formal judiciary က အာရုံစိုက်နိုင်ရန် လုပ်ငန်းဝန်ကို သင့်လျော်စွာ ခွဲဝေပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အနာဂတ် တရားစီရင်ရေး ယန္တရားကို ပုံဖော်ရာတွင် ကိုလံဘီယာနိုင်ငံကဲ့သို့သော နိုင်ငံတကာ အတွေ့အကြုံများမှ သင်ခန်းစာယူရန် အလွန်အရေးကြီးပါသည်။ ကိုလံဘီယာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပဋိပက္ခများအပြီးတွင် ၁၉၉၁ ဖွဲ့စည်းပုံအခြေခံဥပဒေ မှတစ်ဆင့် နိုင်ငံ၏တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ထိုအတွေ့အကြုံ၏အ ရေးပါသော ဥပမာတစ်ရပ်မှာ “Tutela” ဖြစ်ပြီး အခြေခံအခွင့်အရေးချိုးဖောက်ခံရသူများသည် ရှေ့နေမလိုဘဲ၊ ကုန်ကျစရိတ်နည်းပါးစွာဖြင့် တရားရုံးသို့ တိုက်ရိုက်လျှောက်ထားနိုင်သောပုံစံဖြင့် လျှင်မြန်သောကုစားမှုကို ရရှိနိုင်စေခဲ့ပါသည်။ ထို့အပြင် ၁၉၉၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ကိုလံဘီယာကို ယဉ်ကျေးမှုပေါင်းစုံနိုင်ငံအဖြစ် အသိအမှတ်ပြုကာ ဓလေ့ထုံးတမ်းတရားစီရင်ရေး ကိုလည်းအတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုခဲ့သည်။ ယင်းအတွေ့အကြုံသည် တရားစီရင်ရေး ကိုပြည်သူများ လက်လှမ်းမီသည့် အများပြည်သူဝန်ဆောင်မှုအဖြစ် တည်ဆောက်ခြင်းနှင့် ဒေသခံဓ လေ့ထုံးတမ်း တရားစီရင်ရေးစနစ်များကို အခြေခံအခွင့်အရေးစံနှုန်းများ နှင့်အညီ ဖက်ဒရယ်တရားစီရင်ရေးစနစ် အတွင်း ပေါင်းစပ်ခြင်းတို့အတွက် အရေးကြီးသော သင်ခန်းစာများ ပေးစွမ်းနိုင်ပါသည် (Andrew Harding, 2017) ။
အထက်တွင်လည်းဖော်ပြခဲ့ပြီးဖြစ်သလို မြန်မာနိုင်ငံ၏လက်ရှိမြေပြင်အခြေအနေများတွင် ကျေးရွာအဆင့် ညှိနှိုင်းစေ့စပ်ရေးနှင့် ဓလေ့ထုံးတမ်းတရားစီရင်ရေးစနစ်များသည် ပြည်သူများအတွက် လက်လှမ်းမီပြီး အားကိုးရသည့် ယန္တရားများဖြစ်သော်လည်း လူ့အခွင့်အရေးနှင့် ကျားမတန်းတူညီမျှမှု ဆိုင်ရာ စိုးရိမ်ချက်များ ရှိနေပါသည်။ ထို့အပြင် အမိန့်ကို အတည်ပြုရန် ရဲနှင့်တရားရေးချိတ်ဆက်မှု အားနည်းခြင်း ဖြစ်ကာ ကိုလံဘီယာ၏ ဝေးလံသောဒေသများတွင် တရားရုံးအမိန့်များ စက္ကူပေါ်တွင်သာ ရှိနေခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် တရားခံများ ထိန်းချုပ်နယ်မြေပြင်ပသို့ ထွက်ပြေးလွတ်မြောက်ခြင်းများက တရားစီရင်ရေးစနစ်အပေါ် ပြည်သူ့ယုံကြည်မှုကို လျော့နည်းစေပါသည်။
ကိုလံဘီယာအပြင် တောင်အာဖရိက၊ ကင်ညာ၊ ရဝမ်ဒါနှင့် နီပေါနိုင်ငံများ၏ အတွေ့အကြုံများကလည်း ပဋိပက္ခလွန်ကာလတွင် သမားရီုးကျတရားစီရင်ရေး တစ်ခုတည်းအပေါ် မှီခိုခြင်းထက် အခြေခံအခွင့်အရေးအကာအကွယ်၊ ဓလေ့ထုံးတမ်းတရားစီရင်ရေးနှင့် ဒေသန္တရတရားစီရင်ရေး ယန္တရားများကို သင့်လျော်စွာ ပေါင်းစပ်ရန် လိုအပ်ကြောင်း ပြသနေပါသည်။ သို့သော် အဆိုပါနိုင်ငံများ၏ အတွေ့အကြုံများတွင်လည်း ဓလေ့ထုံးတမ်းတရားစီရင် ၏ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှု၊ တရားစီရင်ပိုင်ခွင့် ထပ်နေမှုနှင့် တရားရုံးများ၏ လုပ်ငန်းဝန် စသည့် စိန်ခေါ်မှုများ ရှိခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှုများသာမက ကန့်သတ်ချက်များကိုပါ ထည့်သွင်းသုံးသပ်ရန် လိုအပ်ပါသည်။
လက်ရှိ မြန်မာ့တော်လှန်ရေးကာလနှင့် အနာဂတ် အသွင်ကူးပြောင်းရေးကာလအတွင်း လူထုအခြေပြု တရားစီရင်ရေး ယန္တရားများ၏ အခန်းကဏ္ဍမှာ ရာဇဝတ်မှုများကို စီရင်ရုံသက်သက်ထက် ပိုမိုလေးနက်ရန် လိုအပ်ပါသည်။ အသွင်ကူးပြောင်းရေးကာလ အခြေခံအုတ်မြစ် ပိုမိုခိုင်မာလာပါက ယင်းကာလအတွင်း တရားမျှတမှု၊ နစ်နာသူဗဟိုပြုမှု၊ အမှန်တရား ဖော်ထုတ်မှုများသည် လက်တွေ့အလုပ်ဖြစ်ရုံသာမက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားတရားရုံးများ နှင့် လူထုအခြေပြုညှိနှိုင်းမှုစနစ်များအတွက် အတွေ့ကြုံကောင်းများ စုဆောင်းပေးနေသည့် တရားစီရင်ရေးဆိုင်ရာ “သက်ရှိ ဓါတ်ခွဲခန်းများ” ပင် ဖြစ်ပါသည်။
ဤသို့ဖြင့် နိုင်ငံတော်အဆင့် ဥပဒေစံနှုန်းများနှင့် ဒေသန္တာရ အဆင့်ရှိ ပြည်သူ့ဆန္ဒတို့ ပေါင်းစပ်သွားကာ ပြည်သူတို့၏ ဘဝလုံခြုံရေးကို အမှန်တကယ် အာမခံချက် ပေးနိုင်သော တရားစီရင်ရေး စနစ်သစ်တစ်ခု ပေါ်ထွန်းလာမည် ဖြစ်ပါသည်။ ထိုသို့သော စနစ်ကို အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာချိန်အထိ စောင့်ဆိုင်းရန်မလိုဘဲ လက်ရှိကာလတွင်ပင် စတင်တည်ဆောက်နိုင်ပါသည်။ ထို့အတွက် NUG၊ Ethnic Resistance Organization (ERO) များနှင့် ဒေသန္တရတရားစီရင်ရေးအဖွဲ့များအနေဖြင့် (၁) တရားစီရင်ပိုင်ခွင့်နှင့် အမှုလွှဲပြောင်းမှုဆိုင်ရာ အခြေခံစည်းမျဉ်းများ သဘောတူသတ်မှတ်ခြင်း၊ (၂) လူ့အခွင့်အရေးနှင့် တရားမျှတသော စစ်ဆေးစီရင်ခွင့်ဆိုင်ရာ အနိမ့်ဆုံးစံနှုန်းများ ချမှတ်ခြင်း၊ (၃) ဒေသန္တရတရားမျှတရေးနှင့် သမားရိုးကျ တရားစီရင်ရေးတို့ အကြား အမှုလွှဲအပ်ခြင်းဆိုင်ရာစနစ် (referral mechanism) တည်ဆောက်ခြင်း၊ (၄) ERO နှင့် တရားရေးအဖွဲ့များအကြား ပုံမှန်ညှိနှိုင်းဆွေးနွေးရေးယန္တရား ဖော်ဆောင်ခြင်းနှင့် (၅) မြေပြင်ရှိတရားစီရင်ရေးဆိုင်ရာ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။ ဤလုပ်ငန်းစဉ်များသည် အောက်ခြေတရားစီရင်ရေးစနစ်များကို ဗဟိုမှ လွှမ်းမိုးထိန်းချုပ်ရန်မဟုတ်ဘဲ ၎င်းတို့၏ အားသာချက်များကို ထိန်းသိမ်းကာ အားနည်းချက်များကို ဖြည့်ဆည်းပေးပြီး အနာဂတ်ဖက်ဒရယ်တရားစီရင်ရေးစနစ်အတွက် လက်တွေ့ကျသော အခြေခံအုတ်မြစ်ကို ယခုချိန်ကကစ၍ တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။
အနှစ်ချုပ်အားဖြင့် အနာဂတ် ဖက်ဒရယ်တရားစီရင်ရေးသည် ခမ်းနားသော အဆောက်အအုံများနှင့် အမိန့်အာဏာများအပေါ်တွင်သာ မရပ်တည်ဘဲ၊ မြေပြင်ရှိ လူထုအခြေပြု အတွေ့အကြုံများကို အခြေခံကာ တည်ဆောက်ရမည် ဖြစ်ပါသည်။ ဒေသန္တရ အဆင့်တွင် အားကောင်းသော ဝန်ဆောင်မှုများ ရှိနေခြင်းကသာ နိုင်ငံတော်အဆင့် တရားစီရင်ရေး ယန္တရားအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်လာစေမည်။ ထို့ကြောင့် တော်လှန်ရေးကာလအတွင်း ရရှိထားသော သင်ခန်းစာများကို ဖက်ဒရယ် ဖွဲ့စည်းပုံအတွင်း စနစ်တကျ ပေါင်းစပ်ကာ ပြည်သူလူထုက “မိမိတို့ပိုင်ဆိုင်သည့် တရားစီရင်ရေး” အဖြစ် ယုံကြည်လက်ခံနိုင်ရန် အတူတကွ ပုံဖော်သွားကြရန် လိုအပ်ပါသည်။
References
Center for Arakan Studies. “Alternative Justice: Analyzing the ULA’s Legal System in Arakan.” Issue Brief. October 2024. https://arakanstudies.org/ibr/24/04/ibr_04-Oct_24.html
Chin Center for Peace and Reconciliation. “Judicial Systems in Chinland after the Coup.” March 2026. https://chinpeacecenter.org/judicial-systems/
Harding, Andrew. The Fundamentals of Constitutional Courts. Stockholm: International IDEA, 2017. https://www.idea.int/publications/catalogue/fundamentals-constitutional-courts
Interim Executive Council of Karenni State. “တရားရေးဌာန” [Department of Justice]. Accessed October 16, 2026. https://ieckarenni.org/my/doj-%E1%80%A1%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8/
Ministry of Justice, National Unity Government. “Courts.” Accessed October 16, 2026. https://moj.nugmyanmar.org/en/courts/
Special Rapporteur on the Situation of Human Rights in Myanmar. “From Impunity to Justice: Accountability for Grave Human Rights Violations in Myanmar.” Conference Room Paper, UN Doc. A/HRC/61/CRP.9. April 27, 2026. https://www.ohchr.org/sites/default/files/documents/hrbodies/hrcouncil/sessions-regular/session61/a-hrc-61-crp-9-en.pdf
Yamin is experienced in the fields of human rights, legal aid, and transitional justice. She is currently working as a training coordinator at the Institute for Peace and Strategic Justice (IPSJ). She is presently focusing on work related to federal democracy, local governance, justice, and transitional processes. She holds a Bachelor of Laws (LL.B.) degree and is currently pursuing a Master of Science (M.Sc.) in Political Science.
